ဒေါ်အောင်ဆန်းစုကြည် - ဒီစကား ၊ ဒီလှိုင်း၊ အတွဲ(၃) အမှတ်(၄၁)


ဒေါ်အောင်ဆန်းစုကြည် - ဒီစကား ၊ ဒီလှိုင်း၊ အတွဲ(၃) အမှတ်(၄၁)
(မေတ္တာရိပ်ဖေ့စ်ဘွတ်) အောက်တိုဘာ ၂၂၊ ၂၀၁၄


“Bi မွန်းတည့်နေ” ဂျာနယ်မှ ထုတ်ဝေသူ ဦးကျော်မင်းခိုင်၊ တာဝန်ခံ အယ်ဒီတာ ကိုနိုင်စိုင်းအောင် အပါအ၀င် ငါးဦးအား ပန်းဘဲတန်းတရားရုံးက နိုင်ငံတော် အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် (၂)နှစ် ချမှတ်ခဲ့သည်။ ယင်းပြစ်ဒဏ်သည် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)၏ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်ကြောင်း သိရသည်။"

အထက်ဖော်ပြပါ သတင်းကို Daily Eleven ဂျာနယ်မှာ ဖတ်လိုက်ရတဲ့အခါ ဒီကိစ္စဟာ ဒီမိုကရေစီဖော်ဆောင်ရေး၌ အဓိက အခြေခံမူကြီး တစ်ရပ်နဲ့ သက်ဆိုင်နေတယ်လို့ တွေးလိုက်မိပါတယ်။ တရားစီရင်ရေး ကိစ္စ သက်သက်မဟုတ်၊ သတင်းလွတ်လပ်မှုကိစ္စ သက်သက်လည်းမဟုတ်၊ နိုင်ငံသားများရဲ့ လုပ်ပိုင်ခွင့်များ၊ ဒီမိုကရေစီ နိုင်ငံရေးအရ လုပ်ထုံးလုပ်နည်းများစွာနဲ့ ပတ်သက်နေပါတယ်။

 နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဆိုတာဘာလဲ။ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ‘မည်သူမဆို ဖော်ပြချက်ကို ဖြစ်စေ၊ ကောလဟာလကိုဖြစ်စေ၊ သတင်းကို ဖြစ်စေ ပြုရာတွင်၊ သို့တည်းမဟုတ် ထုတ်ပြန်ကြေညာရာတွင်၊ သို့တည်းမဟုတ် ဖြန့်ချိရာတွင်……

(က)……………
(ခ) နိုင်ငံတော် အစိုးကရကိုဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်လာချင်အောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိလျှင်၊ သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင်…….’

Bi မွန်းတည့်နေဂျာနယ်က ဘာလုပ်ခဲ့ပါသလဲ။ ‘ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား၊ ဒီမိုကရေစီ အင်အားစုများအား ကြားဖြတ် အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF က ထုတ်ပြန်’ လို့ ရေးခဲ့ပါတယ်။ ဒီလိုရေးလိုက်တာကြောင့် ဘယ်သူတွေက ကြောက်ကြ၊ ထိတ်လန့်ကြမှာလဲ။ နောက်ပြီး ကြောက်သွားတာ၊ ထိတ်လန့်သွားတာကြောင့် ဘာကြောင့် နိုင်ငံတော်အစိုးရ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကို ထိခိုက်တဲ့ ပြစ်မှုကို ကျူးလွန်ချင်မှာလဲ၊ တစ်ဆက်တည်းမေးရမှာက ကြောက်အောင်၊ ထိတ်လန့်အောင်လုပ်ဖို့ ဂျာနယ်က အကြံရှိတယ်ဆိုတာ ဘယ်လို ဆုံးဖြတ်ကြပါသလဲ။ ဒါတွေကတော့ ဥပဒေဆိုင်ရာ၊ တရားရေးဆိုင်ရာ ကိစ္စတွေပါ။ ဒီလိုမေးခွန်း ထုတ်စရာများစွာရှိလျက်နဲ့ ဂျာနယ်မှ တာဝန်ရှိသူ (၅)ဦးကို အမြင့်ဆုံး အပြစ်ဒဏ်ချလိုက်တဲ့ ကိစ္စကတော့ သတင်းလွတ်လပ်ခွင့်၊ နိုင်ငံသားများရဲ့ အခြေခံ အခွင့်ရေးများကို ဘယ်လောက် အလေးထားတယ်ဆိုတာနဲ့ သက်ဆိုင်ပါတယ်။ ဒါတွေဟာ ဒီမိုကရေစီအတွက် အခြေခံကျတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ၅၀၅(ခ)မှာ ဒီမိုကရေစီ စနစ်တစ်ခုမှန်ကန်စွာ လည်ပတ်ရေးနဲ့ ပတ်သက်တဲ့ အရေးကြီးကိစ္စတစ်ခု ပါပါသေးတယ်။ အဲဒါကတော့ ‘နိုင်ငံတော် အစိုးရကို ထိခိုက်စေသည့်ပြစ်မှု’ ကို အဓိပ္ပာယ်ဖော်ခြင်းပါပဲ။

MDCF က ကျွန်မနဲ့ တိုင်းရင်းသားဒီမိုကရေစီ အင်အားစုတွေကို ပြည်သူတွေက ကြားဖြတ်အစိုးရအဖြစ် တင်မြှောက်တယ်လို့ ပြောတာ လက်ရှိ အစိုးရအပေါ်လုံလောက်တဲ့ ကျေနပ်၊ ယုံကြည်မှုမရှိဘူးဆိုတဲ့ သဘော သက်ရောက်တယ်ဆိုတာက မှန်ပါတယ်။ ဒါပေမဲ့ ဒီလိုသဘောထားမျိုးကို ထုတ်ပြန်ပြောဆိုခြင်း မပြုရဘူးဆိုရင် ဘယ်လိုလုပ်ပြီး ဒီမိုကရေစီ နိုင်ငံရေးကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မှာလဲ။ ဒီမိုကရေစီ ကျင့်ထုံး ကျင့်နည်းအရ ရွေးကောက်ပွဲတွေကို အခါအားလျော်စွာ ကျင်းပခြင်းဟာ ပြည်သူတွေ အနေနဲ့ တာဝန်ယူဆဲ အစိုးရရဲ့ လုပ်ရပ်တွေ အပေါ်မကျေနပ်ခြင်း၊ အယုံအကြည်မရှိတော့ခြင်းများ ဖြစ်ပေါ်လာနိုင်တယ် ဆိုတာကို အသိအမှတ်ပြု လက်ခံတာပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီဖြစ်စဉ်တွေဟာ ရွေးကောက်ပွဲ လုပ်တာလောက်နဲ့ ပြီးတာမဟုတ်ပါဘူး။ ၁၉၉၀ ခုနှစ်နောက်ပိုင်း အနှစ်၂၀ အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လှုပ်ရှားမှုတွေကို ကန့်သတ်ချုပ်ချယ်မှုတွေကို ကန့်ကွက်ခဲ့ရာမှာ အာဏာပိုင်တွေက ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ သာလျှင် နိုင်ငံရေးလုပ်ရမယ်လို့ တုံ့ပြန်ခဲ့တာ ကျွန်မသတိရပါတယ်။ အာဏာရှင်စနစ်အောက်မှာ ဆိုတော့ ဒီမိုကရေစီနိုင်ငံရေးဟာ အစဉ်မပြတ်လုပ်နေရမယ့် ကိစ္စဖြစ်တာကို သဘောမပေါက်တာ မထူးဆန်းပါဘူး။ ဒါပေမဲ့ အခုလို ကမ္ဘာသိအောင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်း လျှောက်နေပါတယ်လို့ ကြေညာနေတဲ့ အချိန်မှာ အစိုးရကို မကျေနပ်၊ မယုံကြည်ကြောင်း ဖော်ထုတ်တာကို ပြစ်မှုလို့ သတ်မှတ်မယ်ဆိုရင်တော့ ရာဇ၀င်ရိုင်းလှပါတယ်။

အဝေဖန်မခံနိုင်ရင်၊ ပြည်သူတွေက ဥပဒေဘောင်အတွင်းက မိမိတို့ သဘောထားတွေကို ထုတ်ဖော်တာ ခွင့်မပြုချင်ရင်၊ ဒီမိုကရေစီ နိုင်ငံရေးလုပ်လို့ မဖြစ်ပါဘူး။ အစိုးရကို အကြည်ညိုပျက်စေတယ်ဆိုတဲ့စွဲချက်နဲ့ အပြစ်ပေးနိုင်တဲ့ ဥပဒေပုဒ်မတွေကို လေးလေးနက်နက် ဆင်ခြင်သုံးသပ်သင့်ပါပြီ။ ဒီမိုကရေစီခေတ် ထွန်းကားစေချင်ရင် ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ အတွေးအခေါ်တွေ၊ သတ္တိတွေ မွေးကြရပါလိမ့်မယ်။

ဒီတစ်ပတ်တော့ ဒီမျှသာ။ ။