ဇော်အောင် (မုံရွာ) အမှောင်ထုမှ အလင်းဆီသို့-မြန်မာပြည်


 

ဇော်အောင် (မုံရွာ) အမှောင်ထုမှ အလင်းဆီသို့-မြန်မာပြည်
သြဂုတ် ၃၁၊ ၂၀၁၄

လူကောင်းတွေကို မြှင့်တင်၊ ဆုချတဲ့စနစ်နဲ့လူဆိုးတွေကိုအရေးယူအပြစ်ပေးတဲ့စနစ်  ..

ဒီနှစ်ခုကို ဆုပေး၊ဒဏ်ပေးလို့ခေါ်ပါတယ်။ အင်္ဂလိပ်လိုတော့ မုံလာဥနဲ့ကြိမ်လုံး Carrot & Cane လို့ခေါ်ကြပါတယ်။ မြန်မာပြည်မှာ ဒီစနစ်ကိုမသုံးနိုင်ဘူး ဖြစ်နေပါတယ်။ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုမှာ အစိုးရ၊ အာဏာပိုင်နဲ့ဝန်ထမ်းများ၊ လာဘ်စားမှု (အကျင့်ပျက်မှု) Corruption ကိုတိုက်ဖျက်ဖို့ မီဒီယာ၊ စာနယ်ဇင်းကိုပဲ အားကိုးရပါတယ်။

 တောင်ကိုးရီးယားမှာတော့ အတိုက်အခံခေါင်းဆောင် ကင်ဒေဂျုန် (၁၉၉၃-၁၉၉၈၀) သမ္မတဖြစ်လာမှ လာဘ်စားသူတွေကို အစိုးရရဲ့၊ အင်တာနက်ဝက်ဆိုက်မှာ တရားဝင်၊ တင်ပြခွင့်ပေးလိုက်ပြီး၊ တကယ်လဲအရေးယူ၊ ထောင်ချ၊ ပိုင်ဆိုင်မှုသိမ်းလိုက်ချိန်ကစပြီး၊ တဟုန်ထိုး တိုးတက်သွားတာပါ။ 

 မြန်မာနိုင်ငံမှာတော့ ... ရင်းနှီးမြှတ်နှံမှုကော်မတီဝင်၊ ဦးပိုင် ..စတဲ့အာဏာပိုင်များကို ခါးပိုက်ထဲထည့်ဖို့ တကမ္ဘာလုံးလှည့်ပြီး၊ အခွန်ရှောင်နေတဲ့ ဝိသမလောဘကုမ္ပဏီများစွာ ဝင်လာကြပါတယ်။ မြန်မာ အာဏာပိုင်များ ဘယ်ယှဉ်နိုင်ပါ့မလဲ။ အခုတော့ ကမ္ဘာ့ဝိသမ ချန်ပီယံများရဲ့ ယုတ်ပတ်၊ပက်စက်တဲ့ အခွန်ရှောင်နည်းကြောင့် အိမ်ခြံမြေဈေးနှုန်း အလွန့်အလွန်မြင့်မားလာပါတယ်။ ဒါလောက်ဆင်းရဲတဲ့နိုင်ငံမှာ မသိနားမလည်တဲ့လူတွေရဲ့ လောဘဇောကြောင့်။ တစ်တိုင်းပြည်လုံး အိမ်မြေခြံဈေးနှုန်း ကြောက်ခမန်းလိလိ တက်သွားပါတယ်။ ဘာစီးပွားရေးမှ လုပ်ရတာ အဆင်မပြေတော့ဘူး။ ကုမ္ပဏီကောင်းတွေလည်း မလာချင်တော့ဘူး..ဖြစ်နေပါတယ်။
.
ဥပမာ ... အရက်၊ဆေးလိပ်ကုမ္ပဏီတွေပဲ လိုင်စင်/ပါမစ် ချပေးတယ်။ နွားနို့ထုတ်မဲ့ကုမ္ပဏီ၊ ဓါတ်ဆီတင်သွင်းမဲ့ ကုမ္ပဏီများကိုတော့ လိုင်စင်/ပါမစ်မပေးဘူး။ ဝိသမလောဘသမားတွေ သူတို့ပဲ လိုင်စင်/ပါမစ်ကို လက်ဝါးကြီးအုပ်ထားတယ်။ အခု ရန်ကုန်မြို့မှာ ကွန်ဒိုဈေးကောင်းတော့ High Rise Building လိုင်စင်/ပါမစ်တွေ အပြိုင်ဆိုင်ကြိုးစားနေကြတယ်။ တစ်နှစ်နဲ့ ရင်းနှီးမှုရဲ ၁၀ဆလောက် အမြတ်စွန်းရတဲ့ လုပ်ငန်းတွေပဲ၊ အာဏာနဲ့ငွေရှင်တွေ တိုးဝှေ့နေကြပါတယ်။ သွင်း/ထုတ်ကုန် လုပ်ငန်းမှာလည်း အခွန်မပေးပဲ..(မဖြစ်စလောက်ပေးပြီး) သွင်းထုတ်နေကြပါတယ်။
.
ဒါမျိုးတွေကို ကွန်မင့်လုပ်မဲ့လူမရှိတော့၊ နာမည်ဝှက်တွေနဲ့ပဲရေးကြတယ်။ နာမည်အစစ်မှန်နဲ့တင်တဲ့ kyawko , nyi nyi တို့ကိုလေးစား၊ မှတ်တမ်းတင်ပါတယ်...။ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်အောက်က .. ဦးသောင်းဝေ၊ ဦးတင်ထွန်း၊ ဒုဗိုလ်မှုးကြီး သက်ထွန်းနိုင် ..အစရှိသဖြင့် လ သုံးလုံး၊ (လိင်၊ လာဘ်၊ လောင်း) လွန်ကျူးသူများကို ဖတ်ရပါတယ်။ ခွင့်လွှတ်လို့ရတာရှိသလို မရတာမျိုးတွေလဲရှိပါတယ်။ 


လိင်ကိစ္စကတော့ ယောင်္ကျားတစ်ယောက်အတွက် တစ်ခါ၊ နှစ်ခါ .. ဘဝအသက်တာမှာ ဖြစ်လေ့ရှိပါတယ်။ ဘာသာရေးဘုန်းကြီးတွေတောင် မ သတ္တဝါရဲ့ အမြင်၊အနံ့၊အကြား၊ အထိအတွေ့ဓါတ်ကို မခံနိုင်လို့ ဈာန်လျောရတာတွေ ရှိပါတယ်။ တစ်ခါမှားပြီး ဘုရားထံ ဝန်ချတောင်းပန်သူများ၊ နောက်တစ်ခါမဖြစ်တော့ဘူး..ဆိုရင် ဘာသာရေးအရခွင့်လွှတ်နိုင်ပေမဲ့၊ လူလောကီ တရားဥပဒေက ခွင့်မလွှတ်ပါဘူး။ လူတခါ သတ်မိရင်... ရာဇဝတ်မှု၊ အပြစ်ပေးခံရမယ်။ အဲ.. ငွေ၊ အာဏာသုံးပြီးတော့လဲ ရာဇဝတ်မှုက လွတ်တယ်။ လောကကြီးက မတရားပါဘူး... ။ အမေရိကန်မှာတော့ သမ္မတကလင်တန် လိင်ကိစ္စ၊ မတရားသောမေထုန် အကြိမ်ကြိမ် ကျူးလွန်ပေမဲ့ နောင်တရပြီး၊ နောက်ကိုမလုပ်တော့ သမ္မတရာထူး မပြုတ်ခဲ့ပါဘူး။ စစ်တပ်ဥပဒေကတော့ လိင်ကိစ္စ၊ မယားငယ်ကြောင့် မယားကြီးက တိုင်တန်းရင်အလုပ်ပြုတ်ပါတယ်။ မြန်မာ မယားကြီးတွေကလည်း မတိုင်တန်းချင်သူတွေများပါတယ်။  ဗိုလ်၊ ဗိုလ်ဟောင်းများ ကြီးစိုးတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်သန့်ရှင်းရေးက အလွန်အရေးကြီးပါတယ်။
.
အခု လိင်ကိစ္စကို ၀န်ခံပြီးတော့ နောက်တစ်ခါမလုပ်တော့ပါဘူးလို့ ဆိုရင် ဦးသိန်းစိန်လည်း ဒါမျိုးအမှုတွေ များလွန်းလို့ ဘာအက်ရှင်မှ ယူမှာမဟုတ်ပါဘူး။ မိုက်မဲမြဲ မိုက်နေရင်တော့ ဝန်ချုပ် ဦးရဲမြင့်က ထုတ်ပစ်မှာပါ။ ဦးရဲမြင့်ကိုလည်း မကောင်းတဲ့လူလို့ ပြောနေကြတာပါပဲ။ အရေးကြီးတာက နောင်တရဖို့ပါပဲ။ သက်ထွန်းနိုင် နောင်တရပြီး နောက်မလုပ်တော့ဘူးဆိုရင် ဝမ်းသာခွင့်လွှတ်စရာပါ။
.
အလားတူ.. လ သုံးလုံးလွန်ကြူးတဲ့ ဝန်ကြီး၊ဝန်ကလေး၊ ညွန်ချုပ်၊ ညွန်မှုး.. ဦးပိုင်၊ တိုင်း/ပြည်နယ်အုပ်ချုပ်ရေးသမားများ ... နောင်တရပြီး၊ နောက်မလုပ်တော့သူကို မဖြုတ်တဲ့မူဝါဒ .. က တကယ်ကော အလုပ်ဖြစ်ပါ့မလား။ အခုချိန်မှာ - လုပ်နေဆဲလူတွေအကြောင်း မရေးကြလို့ မသိကြရတာတွေ အများကြီး ရှိနေမှာပဲ။  လ သုံးလုံး သိရက်နဲ့၊ ထပ်တလဲလဲ လုပ်နေသူများကိုတော့ ရာထူးဖြုတ်ရုံမက၊ ထောင်ချ၊ ပိုင်ဆိုင်မှုသိမ်း၊ ...နိုင်ငံတော်ပုန်ကန်မှုပုံစံ အရေးယူသင့်နေပါပြီ..။
 

တစ်နေ့က စင်ကာပူနိုင်ငံသားတစ်ဦး၊ ဗီယက်နမ်က ပြန်လာပြီး ပြောပြတယ်။ ဒီ ဓါတ်မီးလေး တရုပ်ပြည်မှာ တစ်ဒေါ်လာနဲ့ရတယ်။ ဗီယက်နမ်မှာ ဒေါ်လာ၂၀ ဖြစ်နေတယ်...လို့ပြောပြတယ်။ မြန်မာနိုင်ငံမှာ ဒေါ်လာ ၄၀ များ ဖြစ်နေမလားမသိ။ ပစ္စည်းကောင်းရင် ဈေးပေးဖို့ ဝန်မလေးတဲ့ မြန်မာများဖြစ်ပါတယ်။ ဒါကြောင့် အကောင်းကြိုက်တဲ့ မြန်မာသူဌေး၊ ဗိုလ်များက ဂျာမဏီ၊ ဂျပန်၊ အမေရိကန်က တိုက်ရိုက်ဝယ်လာတဲ့ ပစ္စည်းတွေကိုပဲ တန်ဖိုးထားကြတယ်။ ဈေးကြီးပေးပြီး ဝယ်ကြတယ်။ အရေးထဲ အခွန်မဲ့ သွင်းလာတဲ့အဝတ်ထည်များစွာ၊ တရုပ်ပြည်မှာ တစ်ဒေါ်လာပဲပေးရတဲ့ အဝတ်လှလှကို မြန်မာပြည်မှာ ၁၀ဒေါ်လာနဲ့ ရောင်းနေကြတယ်။ ၃ခါလောက်ဝတ်ပြီး လွှင့်ပစ်လိုက်ရတယ်။ ဒါမျိုးတွေ မြန်မာနိုင်ငံသားများ သုံးစွဲနေရတာ တိုင်းပြည်အလွန်နစ်နာပါတယ်။ အခွန်မရတာ တစ်ပိုင်း၊ အညံ့စားပစ္စည်းကို အကောင်းစားပစ္စည်းဈေးနဲ့ ဝယ်သုံးနေရတာက တစ်ပိုင်း၊ သနားစရာကောင်းတဲ့ ဆင်ရဲမွဲတေမြန်မာနိုင်ငံသားများကို အလွန်စာနာ၊ သနားပါတယ်။ ဘာတတ်နိုင်မှာလဲ..သူတို့ကဝယ်တော့ ငါတို့ကရောင်းရတာပေါ့...ဆိုတဲ့ ဝိသမလောဘ စီးပွားရေးသမားတွေ သိပ်များနေပါတယ်။
 

မနေ့က Eleven Media မှာ၊ လယ်မြေ၊ဥယျဉ်မြေတွေကို အဆမတန် တဆင့်၊တဆင့် ရောင်းချနေတာကြောင့် အိမ်ခြံမြေဈေး၊ တဟုန်ထိုးတက်နေဆဲဖြစ်ပါတယ်။ လာဘ်စားလို့ခက်ခဲလာချိန်မှာ အခွန်ရှောင်မှုနဲ့ အိမ်မြေခြံ လောကမှာ ရိုက်စားလုပ်နေကြတာ၊ အတော်လွန်လွန်းနေပါပြီး။ တိုင်းပြည် ချောက်ထဲကျတော့မယ်။ လူတွေ မွဲသထက်မွဲပြီး၊ ကုလားနိုင်ငံလို ဆင်းရဲ၊ချမ်းသာ အရမ်းကွာခြားလာတယ်။ စစ်တပ်က အာဏာသိမ်းဖို့ အခြေအနေဖြစ်နေတယ်။ သမ္မတနဲ့အဖွဲ့တွေ ..အိမ်ခြံမြေ ရောင်းဝယ်ရေးကို လုံးဝပိတ်ပစ်လိုက်ဖို့ သင့်နေပါပြီ။

အိမ်ခြံမြေအရောင်းအဝယ် (ငွေစက္ကူတရားမဝင်လုပ်သလို) ပိတ်ပစ်လိုက်ရင်၊ နိုင်ငံခြားရင်းနှီးမြှတ်နှံသူတွေကို လုံးဝမထိခိုက်ပါဘူး။ စီးပွားရေးလုပ်ငန်းတွေကိုလဲ လုံးဝမထိခိုက်ပါဘူး။ တဆင့်ရောင်းစားသူ၊ ပွဲစား၊ အဆင့်တွေ အလွန်များနေတဲ့ မြန်မာပြည်မှာ... အိမ်အရောင်းအဝယ်လုပ်ငန်း အချိန်အကန့်သတ်တစ်ခုအထိ ပိတ်ပစ်လိုက်ရင် ဝိသမလောဘသမားများ ကို ခဏထိန်းသိမ်းနိုင်ပါလိမ့်မယ်။


ဆုပေးဒဏ်ပေးစနစ်၊ ဥပဒေစိုးမိုးရေးအတွက်  လူပိန်း အကြံပေးချက်ပါ...။ တိုင်းပြည်မှာ ဆင်းရဲသူတွေ များသထက်များနေပါပြီး၊ ရာဇဝတ်မှုတွေလည်း များလာပါပြီ။ လိင်၊လာဘ် ၊လောင်းကစားတွေလည်း မကြာခင် ဥပဒေနဲ့တရားဝင်ဖြစ်အောင် လုပ်ပြီး၊ ပြန်နလံ ထလာမှာ စိုးရိမ်စရာဖြစ်ပါတယ်။
  

အဲဒီ ဝိသမလောဘသမားတွေကို အရေးယူ၊ ထောင်ချ၊ သူတို့ပိုင်ဆိုင်မှုသိမ်း ..လုပ်ရမဲ့အစား .. လူကောင်း ဝန်ကြီးများ... ဥပမာ သာသနာရေးဝန်ကြီးဦးဆန်းဆင့်၊ ကျန်းမာရေးဝန်ကြီး လူရည်ချွန်ဆရာဝန်ကြီး ဒေါက်တာဖေသက်ခင်တို့ အလုပ်ကထွက်ရတယ်။ လူရည်ချွန် ဒုသမ္ပတဒေါက်တာစိုင်းမောက်ခမ်းတော့ ရှိနေဆဲပါပဲ။ ဦးဆန်းဆင့်ကတော့ အဖမ်းခံ၊ ထောင်ကျနေရှာပါတယ်။ ဝမ်းနည်းစရာပါပဲ...။ ဦးဆန်းဆင့် လူကောင်းပဲလို့ ရေးလိုက်တော့... ဦးဆန်းဆင့်မကောင်းဘူး..ဆိုပြီး..ရေးတဲ့ ဖွတ်ကျားတွေလည်း အများကြီး၊ မြန်မာပြည်မှာ ရှိနေတယ်။ 

ဆွမ်းကြီးလောင်းချင်သူတွေ၊ မစားရသဲနဲ့ပက်လိုသူတွေ၊ မနာလိုဖြစ်နေသူတွေ၊ ဘေးရောက်သွားလို့ မကျေနပ်ဖြစ်နေသူတွေ၊ မတရားထောင်ချခံရလို့ ပြန်တွယ်ချင်သူတွေ .. အများကြီးရှိနေတော့ .. ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန်၊ ဦးရွှေမန်း တို့တောင် အပြစ်တင်စရာ၊ တစ်ပုံတစ်ပင်ပါ။

နိုင်ငံရေး၊ လူမှုရေး လုပ်သူများကတော့ လိင်၊ လာဘ်၊ လောင်းကစား ကင်းခြင်း၊ ကိလေသာနည်းခြင်း ဖြစ်သင့်ပါတယ်။ ဒီလိုလူမျိုးတွေ မြန်မာပြည်မှာ အများကြီးရှိပါတယ်။ သို့သော် အဲဒီလူတွေအကြောင်းကို ရေးဖို့ခဲယှဉ်ပါတယ်။ ဝန်ကြီး ၃၅ပါး ..ဘယ်နှစ်ယောက် Good Attitude ဖြစ်ပါသလဲ မေးခွန်းကို မြန်မာနိုင်ငံတွင်းက အဖြေကတော့ (တစ်ယောက်မှမရှိဘူး..) လို့ပြောပါတယ်။ ကျနော်ကတော့ ၄၀%လောက် လူကောင်းတွေဖြစ်တယ်။ ဖြစ်ဖို့ကြိုးစားနေသူတွေ ၆၀%လောက်တော့ ရှိမယ်ထင်ပါတယ်။ လူဆိုးလူမိုက်တွေရဲ့ အကျင့်ပျက်မှုတွေကို ရေးသားသူများပေမဲ့၊ လူရည်ချွန်လူကောင်းများကိုတော့ ချီးမွမ်းရေးသားမှု နည်းပါးလှပါတယ်။ မြန်မာနိုင်ငံသားအားလုံး လူတော်လူကောင်း ဖြစ်ချင်သူချည်းပဲလို့ မျှော်လင့်ယုံကြည်ပါတယ်။
.
Good Attitude ဖေ့စ်ဘုတ်နဲ့ အင်တာနက်မှာ No-Good Attitude လူအချို့အကြောင်းမရေးချင်ပဲ ရေးလိုက်ရပါတယ်။ မကောင်းသူအကြောင်းသာ ရေးရမယ်ဆိုရင်တော့ စာရေးသူကိုယ်တိုင်လဲ ထိပ်ဆုံးက ပါနေဖို့များပါတယ်။ ခွင့်လွှတ်ပါ။ ကောင်းသူများကို ဖေါ်ထုတ်ခြင်းက ပိုပြီးအကျိုးရှိမယ်လို့ ရိုးသားစွာယုံကြည်ပါတယ်။